ကြယ်တွေလင်းတဲ့ ကောင်းကင်
အားလုံးပဲ မင်္ဂလာပါခင်ဗျာ…
ဖေဖော်ဝါရီလအတွက် သတင်းကောင်းတစ်ခုကို ယူဆောင်လာခဲ့တဲ့ SPEC ကျောင်းသားလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့နာမည်ကတော့ မြတ်မင်းခန့်ပါ။
မြတ်မင်းခန့်ဟာ အမေရိကန်နိုင်ငံကို ပဥ္စမတန်းနှစ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ ရောက်ခါစမှာ ဘာသာစကား အခက်အခဲနဲ့ ယဉ်ကျေးမှုအပြောင်းအလဲတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် မကြာခင်မှာပဲ သူတက်ရောက်နေတဲ့ ကျောင်းတော်ကြီးရဲ့ Dean’s List စာရင်းဝင် ကျောင်းသားလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မခံချင်စိတ်အရင်းခံပြီး အောင်မြင်မှုတွေကို ကြိုးစားရယူနိုင်ခဲ့တဲ့ မြတ်မင်းခန့်ဟာ အထက်တန်းကျောင်းရောက်တဲ့အခါမှာတော့ National Honor Society အဖွဲ့ဝင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Myat Min Khant
Syracuse University
Class of 2023
အဲဒီ့ကမှတဆင့် သူဟာ Air Force Junior Reserve Officer Training Corps (လေတပ် အရန်အရာရှိ လေ့ကျင့်ရေးသင်တန်း) ကို တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ထောက်ပံ့ရေးတပ်ရဲ့ Deputy Group Commander အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ Aircraft Powerplant Mechanic အတွက် အသိအမှတ်ပြု လိုင်စင်လက်မှတ်ကိုပါ ရယူနိုင်ခဲ့ပါတယ်။
အားကစားလှုပ်ရှားဆောင်ရွက်မှု အနေနဲ့ဆိုရင် ဂေါ့(ဖ်)အသင်းမှာ ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ Rising Star Award 2017 ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ကျောင်းပြင်ပ လှုပ်ရှားဆောင်ရွက်မှုများအနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် မြတ်မင်းခန့်ဟာ အချိန်ကို အလဟဿ မဖြစ်စေရဘဲ Summer Youth Employment Program (SYEP) မှာ စာရင်းပေးလို့ အလုပ်လျှောက်ထားခဲ့ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်း LaGuardia Community College မှာ သော်လည်းကောင်း၊ York College မှာ သော်လည်းကောင်း တစ်လှည့်စီ အလုပ်လုပ်ရင်း ပညာကြိုးစားသင်ယူခဲ့တဲ့ မြတ်မင်းခန့်နဲ့ ကျွန်တော် ၂၀၁၇ ခုနှစ်မှာ ဆုံဖြစ်ခဲ့ကြပါတယ်။အဓိက ကတော့ SAT အမှတ်ကို သူထင်သလောက် မရတဲ့အတွက်ကြောင့်ပါ။ ကျွန်တော်နဲ့တွေ့တဲ့ အချိန်မှာ နှစ်ကြိမ် ဖြေဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လိုချင်တဲ့အမှတ်ကို မရသေးတဲ့အတွက် မြတ်မင်းခန့်တို့ မိသားစုလိုက် ကျွန်တော့်ကျောင်းကို ချီတက်လာခဲ့ကြပါတယ်။
ကျောင်းသား၊ မိဘ၊ ဆရာ သုံးယောက်ပူးပေါင်းကြိုးစားခဲ့ကြတဲ့ အကျိုးဆက်အနေနဲ့ မြတ်မင်းခန့်ဟာ သူလိုချင်တဲ့ SAT အမှတ်ကို ရခဲ့တဲ့အပြင် သူလေ့လာလိုက်စားချင်တဲ့ အင်ဂျင်နီယာကျောင်းတွေအတွက်လည်း အကောင်းဆုံး ပြင်ဆင်လျှောက်ထားနိုင်ခဲ့ပါတယ်။ ကောလိပ်လျှောက်ဖို့ Application Essay ကို သူနဲ့ကျွန်တော် ရက်ပေါင်းများစွာ အကြံထုတ်၊ ပြင်ဆင်ရေးသားခဲ့ကြပါတယ်။

Officially Crowned as Deputy Officer
Air Force Junior Reserve Officer Training Corps
ဟိုတစ်နေ့ကတော့ မြတ်မင်းခန့်တစ်ယောက် ကျွန်တော့်ဆီကို ဖုန်းဆက်လာတယ်။
‘ဆရာ. ကျောင်းမှာ ရှိလား.’
‘အေး. ရှိပါတယ် သား. ဘာထူးလို့လဲ’
မြတ်မင်းခန့်က ချက်ချင်း ပြန်မဖြေဘဲ စျေးကိုင်လိုက်သေးတယ်။
‘တွေ့မှ ပြောပြတော့မယ် ဆရာ. ဖေဖေနဲ့ မေမေလည်း လိုက်လာမယ်တဲ့’
ကျွန်တော့်မှာ မြန်မာစာ သင်တန်းကို ဆက်သင်နေခဲ့ပေမယ့်လည်း စိတ်က မဖြောင့်နိုင် ဖြစ်နေခဲ့ရတယ်။
လူချင်းတွေ့တော့မှ စာရွက်လေးတစ်ရွက်ကို ကျွန်တော့်လက်ထဲ ကမ်းပေးတယ်။ ဖတ်ကြည့်လိုက်တော့ ကျွန်တော် ထခုန်မတတ် ဖြစ်သွားခဲ့ရတယ်။
လက်သီးတစ်ချက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူ့မျက်လုံးတွေကို စေ့စေ့ကြည့်လို့ ကျွန်တော်ပြောလိုက်တယ်။
‘We did it, Thar Thar!’

Syracuse University
New York
မြတ်မင်းခန့်ဟာ နယူးယောက်ပြည်နယ်ထဲမှာ အကောင်းဆုံးကျောင်းတွေထဲက တစ်ကျောင်းဖြစ်တဲ့ Syracuse University ကို Full Scholarship နဲ့ ဝင်ရောက်ခွင့် ရခဲ့ပါတယ်။ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၆ သောင်း ၉ ထောင် ရရှိမှာ ဖြစ်ပါတယ်။ သူဟာ အဲဒီ့တက္ကသိုလ်မှာ Electrical Engineering နဲ့ MBA (Master of Business Administration) ကို ၅ နှစ် ပရိုဂရမ်နဲ့ တက်ရောက်မှာ ဖြစ်တဲ့အတွက် ကျောင်းပြီးချိန်မှာ အင်ဂျင်နီယာဘွဲ့သာမကဘဲ စီမံခန့်ခွဲမှု မာစတာဘွဲ့ကိုပါ ရရှိမှာ ဖြစ်ပါတယ်။
မြတ်မင်းခန့်ရဲ့ မေမေက ကျွန်တော့်လက်ကို ကိုင်ပြီး ဝမ်းသာအားရ အသံနဲ့ ပြောတယ်။
‘ကျေးဇူးအရမ်းတင်ပါတယ် ဆရာရယ်’ တဲ့။
မြတ်မင်းခန့်ရဲ့ ဖခင် ဦးသိန်းထွဋ်ကလည်း မြန်မာပြည်ရဲ့ ကွန်ပျူတာလောကထဲမှာ ရှေ့ပြေးဦးဆောင်သူတစ်ယောက်။ GeoComp ဆိုပြီး တစ်ခေတ်တစ်ခါကို ဦးဆောင်ခဲ့ဖူးသေးတယ်။ ကျွန်တော်တို့တွေ ပျော်နေကြတာကို ဘေးကနေကြည့်ပြီး ဘာမှ သိပ်မပြောပေမယ့် သူ့ရင်ထဲက ပီတိတွေက သူ့မျက်ဝန်းတွေထဲမှာ အတိုင်းသား ပေါ်လွင်ထင်ဟပ်နေခဲ့တယ်။
အမှတ်တရအနေနဲ့ မြတ်မင်းခန့်နဲ့ ကျွန်တော်တို့ ‘Believing is Achieving!’ ဆောင်ပုဒ်လေးအောက်မှာ ဓာတ်ပုံရိုက်ခဲ့ကြတယ်။

Believing is Achieving!
ပြီးတာနဲ့ ကျွန်တော်တို့တွေ နာမည်ကြီး Tamashi Ramen ဂျပန်ခေါက်ဆွဲဆိုင်ကို ချီတက်သွားခဲ့ကြတယ်။ ဟိုရောက်တော့ စိတ်လှုပ်ရှားလွန်းနေကြတာရယ်၊ ဗိုက်ဆာနေကြတာရယ်ကြောင့် Ramen ခေါက်ဆွဲပွဲတွေ ရောက်လာချိန်မှာ ဓာတ်ပုံရိုက်ဖို့ သတိမရဘဲ အားလုံးစားပြီးသွားမှပဲ ဓာတ်ပုံရိုက်ဖို့ စားပွဲထိုးဂျပန်မလေးကို အကူအညီတောင်းလိုက်ရတယ်။

Tamashi Ramen ဆိုင်မှာ အောင်ပွဲခံကြ
သူတို့အားလုံးကို အိမ်ပြန်ပို့ပြီး ကျောင်းလေးဖက်ကို လမ်းပြန်လျှောက်လာခဲ့ချိန်မှာ ကောင်းကင်ကြီးကို တစ်ချက် မော့ကြည့်ရင်း ဆုတစ်ခုကို လေးလေးနက်နက် တောင်းလိုက်မိတယ်…
"SPEC ကောင်းကင်ယံမှာ ကြယ်တွေ သည့်ထက်ပိုလင်းနိုင်ပါစေ... " လို့...
အားလုံးကို ချစ်ခင်လေးစားလျက်
Yan Aung
Believing is Achieving!
SPEC Myanmar
လမင်းသာယာ ကွန်ဒို အမှတ် (၁၃၃)၊ စက်ရုံလမ်း၊ အခန်း (၆၀၂) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။ ။
☎️ + (95) 9 898 808 869
info@successpreptutoring.com www.successpreptutoring.com
SPEC ၏ ကျောင်းခွဲများ ---------------------
🇺🇸 Center I (HQ.) 8710, 51st Avenue, 1S & 1R Elmhurst, NY 11373. ☎️ + (1) 347 642 8393
🇺🇸 Center II 59 Lake Street Brooklyn, NY 11223. ☎️ + (1) 626 464 3058
🇲🇲 Center III SPEC MYANMAR 133, Mill Road, Suite 602 Mingalar Taung Nyunt, Yangon MYANMAR.
☎️ + (95) 9 898 808 869
SPEC Myanmar FaceBook: https://www.facebook.com/specmyanmar/
SPEC HQ FaceBook: https://www.facebook.com/successpreptutoring/